ကော်ပီ + ကြော်ငြာ
“ကိုယ့်နှလုံးသားလေးလည်း ရင်ခုန်နှုန်း ထိန်းဖို့ခက်ပြီ… ငြိမ်အောင် တင်းထားလို့မရ၊ မယုံနိုင်ဘူး မင်းနဲ့တွေ့စဉ်…ဒါ အချစ်လို့ခေါ်မလား…ကိုယ်မသိလိုက်မီ…”
(၂)
ဒီ အမေရိကန် တော်တော် တုံးတာပဲ။ ကျနော် ကြိတ်တွေးရင်း စိတ်ထဲကနေ ရယ်လိုက်တယ်။ ဒီ အမေရိကန် တော်တော် တုံးတာပဲ။
(၃)
“မင်းတို့ မြန်မာတွေ melody တခုကိုတောင် ကိုယ့်ဘာသာကိုယ် မဖန်တီးချင်ဘဲ သူများတွေဆီက အလွယ်တကူ ခိုးချနေကြတယ်” ဆိုတဲ့ အဓိပ္ပါယ်တွေကို အဲဒီ့ အမေရိကန်ရဲ့ မျက်လုံးတွေမှာ ထင်ထင်ရှားရှားတွေ့လိုက်ရလို့ ကျနော် ရယ်ချင်သွားတယ်။ ဒီလူဟာ အစဉ်အလာ သမားပဲ။ ဖောက်ထွက်ပြီး မတွေးတတ်တဲ့ လူပဲ။ A လို့ တိုင် ပေးရင် Bလို့ ပုံသေ လိုက်ဆိုမယ့် ငနဲ။ ဒါပေမဲ့ ကကြီးလို့ တိုင်ပေးရင်တော့ ခကွေး လို့ လိုက်ဆိုမယ် မထင်ဘူး။ သူမှ မြန်မာစာ မတတ်တာကိုး။
(၄)
ကျနော်သာ အားမနာတတ်လို့ ကတော့ သူ့ကို တခွန်းတည်း ပြောလိုက်မယ်။ “Reinventing the wheel” ဆိုတာ မကြားဖူးဘူးလားလို့။ အချိန်ကုန်ခံပြီး ဘီးကို ဘာလို့ အစကနေ ပြန်တီထွင်နေမလဲ။
ထမင်းစားဖို့ စပါးကို ကိုယ်တိုင် စိုက်နေစရာ မလိုပါဘူး။ ဆန်ကောင်းကောင်း သန့်သန့်လေးတွေ ဝယ်ပြီး ချက်လိုက်ရင် နူးညံ့တဲ့ ထမင်းတပွဲတော့ ဖြစ်လာနိုင်တာပဲ။
ဆောရီးပါ မစ္စတာ အမေရိကန်။ ကျနော်တို့ ဘာမဟုတ်တဲ့ emotion လေးတွေ ကို ဖော်ကျူးဖို့ အချိန် အများကြီး မပေးနိုင်ဘူး။ ခင်ဗျားတို့ဆီက လူတွေ လုပ်ပြီးသား ဟာလေးတွေကို အသာလေး အညွန့် ခူးစားလိုက်ရုံပဲ။ မြန်မာဆိုပြီး အထင်သေးမယ်တော့ မကြံနဲ့။ မြန်မာတွေ ဘယ်တုန်းကမှ မညံ့ခဲ့ဘူး။ မြန်မာဆိုတာ ခင်ဗျားတို့ အဖြူတွေ၊ Black အမေရိကန်တွေ ရဲ့ ဦးနှောက်ကိုတင် မကဘူး၊ Chinese တွေ Indian တွေ၊ ကိုရီးယားတွေ၊ ထိုင်းတွေရဲ့ ဦးနှောက်ကိုပါ အလွယ်တကူ ဖောက်စားနေတာ။
အထောက်အထားနဲ့ ပြောတတ်တဲ့သူဆို မြန်မာတွေဆိုတာ ဦးနှောက်ဖောက်စားခြင်း အတတ်ကို မြဝတီမင်းကြီး ဦးစ လက်ထက်ကတည်းက တတ်မြောက်နေတဲ့ အကြောင်း ဂုဏ်ယူဝံ့ကြွားစွာတောင် ရှင်းပြလိမ့်ဦးမယ်။
(၅)
ရှိပြီးသား Melody တွေမှာ စာသားလေးတွေ
ကောက်ထည့်လိုက်တော့ရော ဘာဖြစ်လဲ?
Efficient ဖြစ်တာပေါ့။ Productive ဖြစ်တာပေါ့။ အလဟဿ အချိန်တွေ မကုန်တော့ဘူးပေါ့။
စာသား၊ အဆို နဲ့ လိုက်ပြီးတီးခတ်ထားပုံကလွဲရင် နဲ့ အားလုံး ကောင်းဖို့ ရာနှုန်းပြည့် သေချာသွားတာပေါ့။
ဝမ်းနည်ပါတယ် မစ္စတာ အမေရိကန်။ ကျနော်တို့က ငအတွေ မဟုတ်ဘူး။ စေ့စပ်တယ်။ ရာနှုန်းပြည့် သေချာမယ့် အလုပ်မျိုးကိုပဲ စိတ်ဝင်စားပါတယ်။
(၆)
“ကမ္ဘာမကြေဘူး…ငါတို့ သွေးနဲ့ရေးခဲ့ရတဲ့ မော်ကွန်းတွေ….တော်လှန်ရေး….ဒီမိုကရေစီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော”
ဗဟုသုတ နည်းတဲ့ ထိုင်းတယောက်က လာမေးတော့ ခံစားချက်လေးတွေ ပျောက်သွားတယ်။ ထပြီးသား ကြက်သီးလေးတွေလည်း ပြန်ဝင်သွားတယ်။
သူမေးတာကိုလည်း ကြည့်ဦး။ “မမြဲခြင်း တရားကို ဖွဲ့ထားတဲ့ သီချင်းကို မင်းတို့က ဘာလို့ လက်သီး လက်မောင်းတွေ တန်းပြီး၊ အံတွေ ကြိတ်ပြီး ဆိုနေကြတာလဲ” တဲ့။ မူရင်း အင်္ဂလိပ် သီချင်းက အနိစ္စတရားကို ဖွဲ့ထားတာကိုး။
စိတ်လေတယ်။ စဉ်းစဉ်းစားစား မမေးဘူး။ အနိစ္စတရားကိုတော့ ဘယ်သူက သွားပြီး လက်သီးလက်မောင်း တန်းနေမှာလဲ။ ဒီသံစဉ်ကို ကော်ပီလုပ်ရင် ဒီအဓိပ္ပါယ်ပဲ ဖြစ်ရမယ်လို့ သူ့ဖြုတ်ဦးနှောက်လေးက တရားသေ တွေးထားလား မသိပါဘူး။
အနိစ္စ သီချင်းက ကမ္ဘာမကြေတဲ့ သီချင်း ဖြစ်သွားတော့ရော ဘာဖြစ်သေးလဲ။ လူတွေ တက်ကြွလာအောင် လှုံဆော်နိုင်ရင် ပြီးတာပဲ။
ကမ္ဘာ့ငြိမ်းချမ်းရေးသီချင်းက ဇီးထုပ်ကြော်ငြာ သီချင်း ဖြစ်သွားတော့ရော ဘာအရေးလဲ။ အဲဒါဟာ ကျနော်တို့ မြန်မာတွေ ကျင့်သုံးနေတဲ့ “Win-Win Strategy” ပဲ။ ကြည့်တဲ့သူတွေလည်းကြိုက်၊ ကြော်ငြာတဲ့သူလည်း စီးပွါးဖြစ်တယ်လေ။
အမယ်… ငြိမ်းချမ်းရေး သီချင်းကို ကြော်ငြာ သီချင်းလုပ်လိုက်လို့ တနပ်စားဥာဏ်လို့တော့ လာမပြောနဲ့။ Mr. Bean ဇာတ်ကား ကြည့်ရသလို ရယ်ပစ်လိုက်မယ်။
မသိရင် မှတ်ထား။ ကိုစန်းအောင် ဆိုတဲ့လူဆိုရင် ၁၉၉၄- ၉၅ ခုလောက်တုန်းက ကြော်ငြာသီချင်း အတိုလေးတွေကို စုပြီး သီချင်းခွေ အဖြစ် ထုတ်လိုက်တာ ရောင်းရသဗျာ။ အိမ်နားက သီချင်းခွေ အငှားဆိုင်မှာတောင် တင်လိုက်သေးတယ်။ ဘယ်လောက်ဟန်ကျလဲ။ ကြော်ငြာ ရိုက်တုန်းကလည်း ပိုက်ဆံရ၊ ခွေထုတ်တော့လည်း ကြော်ငြာရှင်တွေ ဆီက ပိုက်ဆံရ၊ ခွေရောင်းရတာကလည်း ပိုက်ဆံရသေးတယ်။ ဒီတော့ တနပ်စားဥာဏ်လို့ လာမပြောနဲ့။ အမြင်ကျယ်ကျယ် ထားစမ်းပါ။ မျက်တောင်မွှေး တထောက်စာလေးတင် ကြည့်ချင်တဲ့ အကျင့်ကို ဖျောက်ကြပါ။
(၇)
ကြော်ငြာအကြောင်းစဉ်းစားမိတော့ မြန်မာပြည်က တီဗွီ အစီအစဉ်မှာ ၁၉၈၈ နောက်ပိုင်းကမှ စပြီး ကြော်ငြာတွေ ထိုးခွင့်ရတာကို သတိရမိတယ်။ အဲဒီ့အချိန်ကျမှ တီဗွီကြော်ငြာတွေ စလုံးရေစ ခဲ့ရလို့ မြန်မာတွေ ကြော်ငြာရဲ့ အရေးပါပုံကို အသိနောက်ကျ လှချည်လားလို့တော့ အထင်မသေးလိုက်ပါနဲ့။ ငါတို့ မြန်မာတွေဟာ ဟိုးရှေးရှေးတုန်းကတည်းက ကြော်ငြာရဲ့ အရေးပါပုံကို သိပြီးသား ဖြစ်သလို ပြောင်ပြောင်မြောက်မြောက်လည်း ကြော်ငြာ တတ်ပြီးသား။
(၈)
ဖတ်ပြီး ပီတိတွေ ဖြစ်ပြီး မျက်ရည်တောင် ဝဲချင်သတဲ့။ စိတ်ဝင်စားသွားတယ်။
ဖတ်ကြည့်လိုက်တော့ “ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့။ ငါ၏ လက်ဝဲလက်ဖြင့် ဝတ်စားတန်ဆာ ကိုပေးအံ့။ အမိသည် သားငယ်ကို ရင်ခွင်၌ နှစ်သိမ့်စေသကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်စေအံ့” တဲ့။ ကျန်စစ်သားမင်းကြီးရဲ့ ကြော်ငြာ။
အဲ့လို အလုံးမျိုးတွေ၊ အဲဒီ့ထက် ကောင်းတဲ့ အလုံးတွေ ကတော့ ခုခေတ် သတင်းစာတွေ မှာလည်း တွေ့နိုင်တာပဲ။ မျက်ရည်မဝဲခင်မှာ... ကျန်စစ်သားမင်းကြီးက သူပြောခဲ့တဲ့ အတိုင်း တကယ်ရော လုပ်ခဲ့လား ဆိုတာတော့ စဉ်းစားကြည့်မယ် မရှိဘူး။ အပြောကောင်းတိုင်း မျက်ရည်ဝဲနေရလို့ ရှားရှားပါးပါး မျက်ရည်တွေ ခန်းကုန်မှဖြင့် နှမြောစရာ။
မင်းတုန်းမင်းကြီးကလည်း သတင်းစာ လွတ်လပ်ခွင့် ပေးသလိုလိုနဲ့ သူ့ကိုယ်သူ အဝေဖန် ခံနိုင်ကြောင်း ဒီလို ကြော်ငြာဖူးတယ်။
“ငါမကောင်းလျှင် ငါ့ကိုရေး၊ ငါ့ မိဖုရားမကောင်းလျှင် ငါ့မိဖုရားကိုရေး၊ မင်းတို့မှာအပြစ်မရှိစေရ” ကြည့်ရတာ “မင်း” တို့မှာ အပြစ်မရှိစေရ ဆိုတဲ့ စာကြောင်းထဲက “မင်း” ဆိုတာက ရှင်ဘုရင် ဆိုတဲ့ အဓိပ္ပါယ်ကို ဆိုလိုတာ ထင်ပါတယ်။
(၉)
အရွယ်အစားတောင် တတောင့်နဲ့ တတောင့် တူအောင် မလုပ်နိုင်သေးတဲ့ တိုင်းရင်းဆေးတွေမှာလည်း တန်ခိုးတော် အနန္တ…..ကြော်ငြာတွေအရ
အေအိုင်ဒီအက်စ် ပျောက်ကင်းနိုင်တဲ့ဆေးကို သုတေသနတောင် မလုပ်ပဲ လက်တန်းဖော်စပ် နိုင်တာ၊ အရင်ဆုံး ဖော်စပ်နိုင်တာ မြန်မာတွေ…..ကြော်ငြာတွေအရ
“သင်တန်းသားဦးရေ ကန့်သတ်ထားသည်။ လာအပ်သလောက်သာ လက်ခံမည်” ဒါကတော့ သင်တန်းကြော်ငြာမှာ ဆီလျော်အောင် ကိုယ့်ဘာသာကိုယ် ထပ်ဖြည့်လိုက်တာ။
ကြော်ငြာတွေက ညာကြတာများတော့ လူတွေက မကောင်းဘူးလို့ မြင်လာကြရော။ တကယ်က ကြော်ငြာဆိုတာ လိမ်ချင်သူနဲ့ အလိမ်ခံချင်သူကြားမှာ ပေါင်းကူးပေးတဲ့ အရာလည်း ဖြစ်နိုင်သလို ပေးချင်သူနဲ့ လိုအပ်သူကြားမှာ ပေါင်းကူးပေးတဲ့ အရာလည်း ဖြစ်နိုင်သေးတာပဲ။
တောက်တွေးမြောက်တွေး လုပ်နေတာကို အသံနေ အသံထား တခုက လှုပ်နှိုးလိုက်တယ်။
“စားကြည့်။ အရသာခံကြည့်။ မကြိုက်ရင် ပိုက်ဆံမပေးနဲ့” အဲဒါက ဈေးသည်တယောက်ရဲ့ ကြော်ငြာ။
“လာလော့၊ ရှုလော့။ လုပ်ကြည့်ပြီး ကြိုက်မှ လက်ခံ့” အဲဒါကိုတော့ ကြော်ငြာခံရသူကို အကျိုးရှိစေမယ့် ကြော်ငြာလို့ မိတ်ဆွေ တယောက်က သုံးသပ်ဖူးတယ်။
ကဲ…ရေးတာလည်း တော်တော် ရှည်သွားပြီ။ သူငယ်ချင်း ... စာဖတ်လိုက်ရလို့ မျက်လုံးတွေ ညောင်းသွားပြီလား။ ဒါဆိုရင် အပြင်ကို ထွက်လိုက်။ ပြီးတော့ မိုးပေါ်ကို မော့ကြည့်လိုက်စမ်း။ ကောင်းကင်ဘုံကို တွေ့ရဲ့လား? ဘုရားသခင်ရဲ့ ကြော်ငြာကို?
(ကောင်းကင်ကို)မှကူယူသည်။
No comments:
Post a Comment