Pages

Thursday, July 19, 2012

မေ့မရနိုင် ......(၁၉) ဇူလိုင်

          
     ဒိုင်း ..ကနဲ၊ ကြားလိုက်ရသော သေနတ်သံနှင့်အတူ ..အိပ်ယာထက်မှ ဆတ်ကနဲ ထထိုင်မိလိုက်သည်။
တကယ်ဖြစ်ခဲ့သည့် အိပ်မက်တစ်ခုက မလိုချင်ပါဘဲနှင့်၊ သူ့ထံကို မညှာမတာ ရောက်လာတတ်၏။ ဝေ့၀ဲလာသောမျက်ရည်နှင့် နားသယ်စဆီမှချွေးစစို့စို့က၊ ရင်ထဲက ထွက်လာသော ပူလောင်မှုအတွက် သက်သေတစ်ခုပမာ ..။

အံကိုခပ်ဖွဖွ ဖိကြိတ်မိ၏။ ချစ်ခြင်းမေတ္တာ၊ နားလည်နွေးထွေးမှုတို့ဖြင့်၊ ဖွဲ့တည်ထားသည့် မိသားစု၊ တိုင်းပြည်တစ်ခုလုံး၏ စံပြုစရာ မိသားစုတစ်ခုမှ တံတိုင်းကြီးသည် ဘယ်လိုကံကြွေးကြောင့်များ ..သူတို့ဘ၀ထဲမှ စောစီးစွာ စွန့်ခွာသွားရပါသနည်း ...။
                 အခုဆိုလျှင် နှစ်ကာလတစ်ခုပင် ကြာခဲ့သော်လည်း ..သူ့ရင်ထဲမှာ မနေ့တစ်နေ့က အတိုင်းပင် ..။ နာကျင်ရ၏။ခံစားရ၏။ ဒါပေမယ့်လည်း ..သူ့ ဝေဒနာ သူ့နာကျင်မှုတို့ကို သားသမီးတို့ရှေ့မှာ၊ လူထုကြီးတစ်ရပ်လုံးရှေ့မှာ လုံးဝ မထုတ်ဖော်ချင်ခဲ့ပါ။ ချစ်လင်ခင်ပွန်းသည်၏ သံမဏိစိတ်ဓာတ်၊ အနစ်နာခံတတ်သော သူရဲကောင်းစိတ်ဓာတ်တို့ကို အလေးထားသောအားဖြင့်၊ သူသည်လည်း ပျော့ညံ့တဲ့ မိန်းမတစ်ယောက်အဖြစ် မကျန်ခဲ့ချင်ပါ။
ထို့ကြောင့် .. ဝေဒနာကို သိမ်းဆည်း၏။ မျက်ရည်တို့၏ ဖယ်သုတ်၏။ ငိုနေမည့်အစား ချစ်သောသူ၏ ဆန္ဒကိုတစ်သွေမတိမ်း ဖြည့်ဆည်းပေးလို၏။ သို့သော်လည်း.. အခုလို အိပ်မက်တွေ မက်သည့် ညတိုင်းတော့ .. မိန်းမသားတစ်ယောက်၏ နှလုံးသွေးမှ ဖြစ်ထွန်းလာသော ခံစားချက် ..မျက်ရည်စတို့သည်၊ လူမသိ သူမသိ ရင်ကို ထိုးနှက်လာစမြဲပင် ....။
                 အိပ်မပျော်တော့မည့်အတူတူ .. အိပ်ယာမှထကာ၊ ရင်ထဲက အပူကို လျော့လိုလျော့ငြားဖြင့် .. ရေတစ်ခွက် ထသောက်မိ၏။ ဖန်ခွက်လေးကို စားပွဲပေါ်သို့ အသာအယာပြန်ချလိုက်သည်။ ပြတင်းပေါက်မှ ဖြာကျနေသောလရောင်ကအတိတ်တို့ကို ညှို့ယူခေါ်ဆောင်သွားပြန်၏။
                 လေတဖြူးဖြူးတိုက်နေသော ၀ရံတာလေးမှာ လရောင်ကလည်း ဖြာလို့နေ၏။ တယောသံသဲ့သဲ့ ....နားစည်ထဲသို့နွဲ့နွဲ့ကလေး ၀င်လာသည်။
(မှန်ရွှေဖြူ ပြတင်းငယ်နော်၊ ရော်ကာ ရမ်းလို့ တွေးမျှော် ... အရုဏ်တော်ကျူးလို့ လင်းသော်၊ ပျိုမေ စောင့်လို့ သာမျှော်) ၂(သန်းခေါင်ယံတည်းက နော် ... ပေါ်လာမယ် စောင့်လို့မျှော်။ တွန်ချိန်သံ ရောက်လို့ ပျိုဆွမ်းကပ်ချိန် ရောက်သော်။
ကြက်ဖ တွန်ကျူးလို့ ကျော်) ၂
 (စိန်ခြူးကြာညောင်၊ လရောင်လင်းသော်၊ မှန်ရွှေဖြူပြတင်းကနော်၊ သန်းခေါင်ဦးမယ်ခုမျှော်) ၂ သုံးချက်စည်တော်
စည်တော်၊ ရိုက်ဆော်ညင်းသော် လင်းအောင် မယ်ခုမျှော်.... .....
               တယောသံနှင့် လိုက်ဖက်မျှစွာ ဆိုညည်းမိသည့်၊ မေရှင်၏ မယ်ခုမျှော် ..ဆိုသည့် သီချင်းလေး ..။ ဆိုသူမှာလည်းရှက်သွေးလည်း ဖြာနေသလို၊ နားထောင်သူမှာလည်း အပြုံးလေးတွေ သာနေခဲ့သည့် ..ည။ တစ်နည်းအားဖြင့်.. မြန်မာပြည်၏ အဖိုးအနဂ္ဂထိုက်တန်တစ်ဦး၏ အလှဆုံးဖြစ်ခဲ့သော ..ည။
                နောက်တစ်ခေါက်ထပ်ဆိုပါဦး ..ဟု၊ တောင်းဆိုသည့် အခါမှာလည်း၊ မငြင်းပယ်နိုင် ..။ သူ့အသံသည် သူ့မေတ္တာတရားနှင့်ထပ်တူ ..နားဆင်သူ၏ နှလုံးသားကို ကြည်နူးစိမ့်ဝင်သွားသည့်အတွက် ..ကိုယ်တိုင်လည်း ပီတိပြုံးလေး ပြုံးခဲ့မိ၏။ ဒီလိုနှင့် .. ရှေးကံဆုတောင်း ..အကြောင်းရေစက်လေးက ..သူတို့ နှစ်ယောက်ကြားဝယ် ပေါင်းကူးတံတားလေးဖြစ်ခဲ့သည်။ တစစ ရင်းနှီးလာ၏။ မေတ္တာသက်ဝင်မှုက ပိုမိုထင်ရှားလာသည်။
                 သူ မည်မျှကံကောင်းခဲ့ပါသလဲ ..။ တိုင်းပြည်အတွက်ဆို အသက်ကို မြက်တစ်ပင်လို သဘောထားသူ၏ရင်ခွင်ရိပ်မှာ ချွေးသိပ်ဖို့၊ ယောကျာ်းတစ်ရာမှာ တစ်ယောက်မရှိနိုင်သော ခြင်္သေ့စိတ်ဓာတ်ပိုင်ရှင်၊ သူရဲကောင်းတစ်ယောက်၏ နှလုံးသားမှာ နားခိုဖို့ .. လှမ်းလာသော ကမ်းလက်ကို ရဲဝံ့စွာ သူတွဲဆက်ခဲ့သည်။ သူ ..ယုံကြည်ပါ၏ ..၊မြတ်နိုးပါ၏။ သူ့နည်းတူ ..တိုင်းသူပြည်သားအပေါင်းတို့ ကလည်း ..ယုံကြည်ကြ၏၊ အားကိုးမြတ်နိုးကြ၏။ သူတို့မိသားစုဘ၀တစ်ခုအတွက်သာမက၊ တိုင်းပြည် တစ်ခုလုံး၏ ဦးစီးဦးဆောင်ကောင်းတစ်ယောက်အဖြစ်၊ သူအမြဲ ဂုဏ်ယူတန်ဖိုးထားခဲ့ရသည်။
                သားနှင့် သမီးငယ်လေးကိုလည်း ..သူတို့ဖခင်၏ မြင့်မြတ်သော စိတ်နှလုံးကို ..အတုယူစေချင်၏။ ဒီသွေးဒီသားမှလူထုတစ်ရပ်လုံးအတွက် ယုံကြည်အားကိုးထိုက်သော အမွေကို လက်ဆင့်ကမ်းဆက်ခံစေချင်၏။ တိုင်းရေးပြည်ရေးဆိုသည်မှာတော့ ..အပြောကျယ်လှသည်။ အတိုက်အခံတွေ များသည်ထက်များလာ၊ တာဝန်တွေကြီးသည်ထက်ကြီးလာသော်လည်း တိုင်းပြည် အပေါ်မှာ ပေးဆပ်နေသည့် စိတ်ခွန်အားများကို တစ်ပြားမှအလျော့မခံဘဲ၊ နေ့မနားညမအား ကြိုးစားနေရှာ သူကို၊ ဇနီးသည်တစ်ယောက်အနေနှင့် အစစအရာရာ စိုးရိမ်မိသော်လည်း ..ကိုယ့်တိုင်းပြည်၏ လွတ်လပ်ရေးနှင့် ပုဂ္ဂလိကခံစားချက်တို့ ယှဉ်ပြိုင်လာသောအခါ .. အားငယ်စကား၊ စိုးရိမ်စကားတို့က နှုတ်
ဖျားမှ ထွက်မလာတော့ ...။
                 မဆီမဆိုင် ...လှိုင်ထိပ်ခေါင်တင်ကို သူ သတိရမိလိုက်သည်။ တိုင်းပြည်ကို အသက်ပေးလှူ ထားသည့် ယောကျာ်းတို့၏ ဇနီးမယားဘ၀မှာ၊ လောကဓံနှင့် သေခြင်းတရားကို အလေးမူအရေးယူနေလို့ မဖြစ်..။ လှိုင်ထိပ်ခေါင်တင်ဆိုသည်ကား နူးနူးညံ့ညံ့ ကဗျာဖွဲ့ရည် လင်္ကာသီသူ ။ သူကတော့ ...ဂျပန်ခေတ် မှာမှ လူလာဖြစ်ရသည့် ရဲရဲဝံ့ဝံ့ သူနာပြုတစ်ယောက် ..။ သူတို့နှစ်ယောက်မှာ ဘ၀ပေးအခြေအနေမတူကြ။ မွေးဖွား ကြီးပြင်းရာခြင်းလည်း မတူကြ ..။
တူညီတာ တစ်ခုကတော့ သူတို့နှစ်ယောက်လုံး၏ နှလုံးသားဖြစ်မည်ထင်၏။ သူရဲကောင်းတို့ထက်ပင် သူတို့ကို ချစ်မြတ်နိုးသော မိန်းမသားတို့၏ စိတ်မှာပိုမို ခိုင်ခံ့မာကျောနိုင်ရပါသည်ဟု၊ သူ ပြောလျှင် ..ငြင်းကောင်းငြင်းကြပေလိမ့်မည်။
              တိုင်းပြည်၏ ခေါင်းဆောင်တစ်ယောက်ကျဆုံးချွတ်ချော်ခဲ့ပါလျှင် ...သူ့အတွက် တစ်ဘ၀စာ ငြိမ်းသွားနိုင်သော်လည်း၊ ကျန်ရစ်သူ၏ နှလုံးသားမှာ တောက်လောင်ပြင်းရှသည့် မီးကတော့ ..သတိရတိုင်း အလျှံတငြီးငြီး......။
ခေါင်းပေါ်က ဗောင်းတော် မြေခသည့်အိပ်မက်အတွက်၊ တားဆီးခဲ့သည့်ကြားမှ .. ကိုယ့်ကိုယ်ကို စိတ်ချယုံကြည်သူကအေးဆေးသက်သာ လှမ်းခွာခဲ့၏။ ကံအဆိုး မိုးသို့ရွာချိန်မှာတော့ ..လှိုင်ထိပ် ခေါင်တင်အတွက် အချိန်နှောင်းခဲ့ပြီ ...။
တိမ်ခိုးနဲ့ မင်းရေးပမာ ပြောရခက်သား ဆိုသလို ..ပြောရခက်သည့် တိုင်းပြည်၏အရေးတွင် ..အသက်ပေးခဲ့သော ကနောင်မင်းသားကြီးကို ကြည့်ပြီး၊ လှိုင်ထိပ်ခေါင်တင်၏ အသည်းနှလုံးတွေ မည်မျှကြွေပြုံးခဲ့မည်ကို .. သူကိုယ်တိုင်လည်း ကိုယ်တွေ့ခံစား စာနာနားလည်ချိန်သို့ .. မလွဲမသွေ ဆိုက်ရောက်လာခဲ့ပြန်သည်။
               ဇူလိုင် (၁၉) ....။ မိုးတွေ စွေခဲ့တဲ့နေ့ ..။
               စနေသားတစ်ယောက်အတွက် .. အဆိုးတွေကို ဆောင်ကြဉ်းပေးခဲ့တဲ့ ..စနေနေ့ ..။
               အို ..........။
               ဆယ့်သုံးချက်တောင် ထိခဲ့သတဲ့လား။ ပူလောင်ပြင်းထန်တဲ့ ကျည်ဆံတွေက ခန္ဓာကို ထွင်းဖောက်ပြီး ..သူတို့နဲ့ဝေးရာဆီကို ခေါ်သွားပြီတဲ့လား ..။ အဲဒီ့အခိုက် တဒင်္ဂမှာ တိုင်းပြည်အပေါ် ..စိတ်အေးခဲ့ပါမလား ..။ လွတ်လပ်ရေး ..
...ငါ့တိုင်းပြည်သူ့ကျွန်ဘ၀က လွတ်မြောက်ရေး ..လို့ပဲ၊ နောက်ဆုံးထွက်သက်မှာ မြည်တမ်းသွားခဲ့သလား။
              မမြဲတဲ့ခန္ဓာကိုယ်ကြီးက ဘုန်းဘုန်းလဲကျသွားပေမဲ့ ..တည်ကြည်ခိုင်ခံ့တဲ့ အာဇာနည်စိတ်ဓာတ် တွေက ..သွေးတွေနဲ့အတူ.. အခန်းနံရံထက်မှာ ..ပြန့်ကျဲထင်ကျန်နေခဲ့သလား။
             ရက်စက်လိုက်ကြတာ .......။ သူတို့မိသားစုအပေါ်မှာမက ..တိုင်းပြည်တစ်ခုလုံးအပေါ်မှာပါ ရက်စက်လိုက်ကြတာ။ ဒီလိုနည်းနဲ့ ဖြေရှင်းလို့များ ..ရင်ထဲက အာဃာတက ကြေရောသတဲ့လားလေ ..။ နေရာတစ်ခုအတွက် .. ရက်စက်သူတို့ရဲ့အပြုအမူဟာ ..သမိုင်းတင်ကျန်မဲ့ နေ့ .. ဘယ်သူမှတော့ မေ့နိုင်မယ်မထင်ဘူး ..။
              သားလေးနဲ့ သမီးလေးကို ရင်ခွင်ထဲထည့်ပြီး ..မျက်ရည်ကျနေမယ့် သူ့ကို ..မသနားရင်နေပါ ..။ လူထုတစ်ရပ်လုံးရဲ့နှမြောတသစိတ်၊ နာကျင်ဝမ်းနည်းစိတ်တွေကိုတော့ .. သူတို့ ထည့်မတွက်ခဲ့ကြပါလား ...။
               ပြီးခဲ့တာတွေ ..မပြီးခဲ့ဘူး ...။ မရှိတော့ပေမဲ့ ..ရှိနေတယ်...။ ရုပ်ခန္ဓာကြီးဟာ သင်္ခါရအောက်မှာ ကျရောက်ခဲ့ရပေမယ့်၊ စိတ်တွေက အရိပ်တွေလို ရှိနေတယ်။ အငွေ့အသက်တွေက ..နေ့ရက်တွေမှာ ..ရှိနေသေးတယ်။
               ဗိုလ်ချုပ်အောင်ဆန်း ..ဆိုတာ၊ သူ့အတွက် ..လေးစားမြတ်နိုးရာ လင်ယောကျာ်း၊ သားသမီး တွေအတွက် စံပြုအားကိုးရာ ဖခင်၊ ပြည်သူလူထုအတွက် ..အဖိုးအဖြတ်နိုင်တဲ့ ခေါင်းဆောင်ကောင်း .....။
              သူ ...မျက်လုံးတွေကို ဖိမှိတ်လိုက်မိသည်။ အတိတ်နှင့် ပစ္စုပ္ပန်တစ်သားတည်း ကျသွားချိန်တွင် မျက်ရည်စတို့ပါးပြင်ပေါ်သို့ ညင်သာစွာ လိမ့်ဆင်းသွား၏။ ကောင်းကင်ယံမှာ လရောင်ဖြာနေသေး၏။ ပြတင်းပေါက်မှ လေနုအေးက လွမ်းမောစရာ တိုက်ခတ်သွားသည်။
               (စိမ်းကားလွန်းသော်၊ ဖိုးရွှေလကိုပြောလိုက်ပါနော်။ ချစ်မိတဲ့သူ့အပေါ် ဘယ်ဆီမှာမျှော်) ၂ ခေါ်ပေးပါလားလို့နော်။ တွေ့ရမှ ရွှင်ပျော်၊ စိတ်သက်သာမနော် ...........။
                 မယ်ခုမျှော် ..သီချင်းလေးကို ပြန်ကြားယောင်လာသည်။ ရိုးသားကြည်လင်သော အပြုံးအေးအေးနှင့် မျက်နှာကို မြင်ယောင်လာ၏။ မျက်ရည်တို့ကို ပွတ်ဖယ်သုတ်ပစ်လိုက်သည်။ သူ့ရင်ထဲမှာ အမြဲရှင်သန်နေသည်ဟု၊ ယုံကြည်နေပါ၏။
                                                                          ------------------------
နန်းအသင်္ခယာ
(ကျွန်မသည် အာဇာနည်နေ့အတွက် အမှတ်တရ တစ်ခုခုရေးချင်မိပါသည်။ ဗိုလ်ချုပ်ကိုသော်လည်းကောင်း အာဇာနည်ခေါင်းဆောင်ကြီးများကိုသော်လည်းကောင်း၊ ချီးကျူးရေးသာခြင်း တသအောက်မေ့ခြင်းတို့ကို ဖွဲ့သီရန် စဉ်းစားသော်လည်း၊ ကျမသည် မိန်းမသားတစ်ဦးဖြစ်သည့်အားလျှော်စွာ ဗိုလ်ချုပ်၏ ချစ်ဇနီး ဒေါ်ခင်ကြည်ကို ရုတ်တရက် သတိရမိလာ၏။ ထို့ကြောင့်ကျမ၏ မတောက်တခေါက် အနုပညာစွမ်းရည် လေးဖြင့် ..မိန်းမသားချင်း ခံစားမှုကို စာနာနားလည်ကြည့်ပြီး ..ယခုစာလေးအား ..ဖန်တီးမိပါသည်။ ကျွန်မသည် ငယ်ရွယ်သူဖြစ်သည့်အလျှောက် မှားယွင်းချွတ်ချော်မှုများ၊ အမြင်မတူမှုများရှိခဲ့ပါလျှင် သည်းခံခွင့်လွှတ်ပေးကြဖို့ မေတ္တာရပ်ခံပါသည်။ တကယ့်ဖြစ်ရပ်မဟုတ်ဘဲ ..ကိုယ်စားဝင်ပြီး ခံစားရေးသား သောကြောင့် ငြင်းခုန်စရာ သဘောမတူစရာများလည်း ရှိနေနိုင်ပါသည်။ မည်သို့သောကြောင့်မျှ မဟုတ်ဘဲ၊
ကျွန်မ၏ ဖန်တီးမှုလေးသက်သက်နှင့် ခံစားတွေးတောမိသော အာဇာနည်နေ့လေးကို အားလုံး နားလည် ပေးကြပါရှင် ..။ )
ဝဏ္ဏကျော်ထင် ဒေါက်တာမြင့်ဆွေ၏ ‘မှတ်မိသေးတယ် ဂျပန်ခေတ် ဆေးရုံကြီးဝယ် ’ စာအုပ်မှ အချက်အလက်တချို့ကို မှီငြမ်းကိုးကားပါသည်

No comments: